မြန်မာ buddhist ဘာသာ လင်မယားနဲ့ သက်ဆိုင် တဲ့ပစ္စည်းအမျိုးအစား ခုနှစ်မျိုးရှိတာကို တွေ့ရတယ်။ ဒီအမျိုးအစားတွေကို ခွဲခြားပြီး သိထားဖို့ လိုတယ်။
၁။ ပါရင်းပစ္စည်း။ ။ လင်ဖြစ်ဖြစ်၊ မယားဖြစ်ဖြစ် ထိမ်းမြားလက်ထပ်ခြင်းမပြုခင်က ပိုင်ဆိုင်လာခဲ့တဲ့ ပစ္စည်းကို ပါရင်းပစ္စည်းလို့ခေါ်တယ်။
ဒုတိယ အိမ်ထောင်သည်တွေအဖို့ ပထမအိမ်ထောင်ကပါလာတဲ့ ပစ္စည်းနဲ့ ပထမအိမ်ထောင်နဲ့ ပြတ်စဲပြီးနောက် ဒုတိယအိမ်ထောင် မပြုမီရတဲ့ ပစ္စည်းအားလုံးဟာ ပါရင်းပစ္စည်းတွေပဲ ဖြစ်တယ်။
ပါရင်းပစ္စည်း ခွဲဝေပုံ။ ။ ပါရင်းပစ္စည်း အကျိုးခံစားခွင့်ကတော့ ပါရင်းပစ္စည်း ယူဆောင်လာသောပုဂိုလ်က သုံးပုံနှစ်ပုံ၊ ကျန်အိမ်ထောင်ဖက်က သုံးပုံတစ်ပုံ ခံစားခွင့်ရှိတယ်။
၂။ အထက်ပါပစ္စည်း။ ။အိမ်ထောင်ကျပြီးသူယောက်ျား ဒါမှမဟုတ် မိန်းမရဲ့ အိမ်ထောင်ဟောင်းက အိမ်ထောင်သစ်ကို ပါလာတဲ့ပစ္စည်းကို အထက်ပါပစ္စည်းလို့ခေါ်တယ်။ (ဒါက အိမ်ထောင်ကြီး ထူသူတွေနဲ့ သက်ဆိုင်တဲ့ ပစ္စည်းမျိုး ဖြစ်တယ်။)
အထက်ပါပစ္စည်းခွဲဝေပုံ။ ။ အထက်ပါပစ္စည်းဆိုတာမျိုးက ပါရင်း ပစ္စည်းလို မဟုတ်ဘူး။ လင်မယားနှစ်ဦးပိုင် မဖြစ်နိုင်ဘူး။ အိမ်ထောင်ကျဖူးတဲ့ အိမ်ထောင်ကြီးချင်း ထိမ်းမြားရင် တစ်ဦးရဲ့ အထက်ပါပစ္စည်မှာ တစ်ဦးက အကျိုးခံစားခွင့် မရှိဘူးလို့ ဆိုရမယ်။
ဒါပေမယ့် မယားရဲ့ 'အထက်ပါ' အိမ်ကို လင်မယားပေါင်းသင်း နေတဲ့အချိန်မှာ လုံးသ အသစ်တစ်ဖန် ပြန်လည်ဆောက်လုပ်လိုက်ရင် အထက်ပါပစ္စည်းဟာ 'လက်ထက်ပွား' ပစ္စည်း ဖြစ်သွားတယ်။
၃။ ခန်းဝင်ပစ္စည်း။ ။ မင်္ဂလာဆောင်တဲ့အချိန်မှာ မိဘဆွေမျိုး မိတ်ဆွေ သင်္ဂဟတွေက လင်နဲ့မယား နှစ်ဦးအကျိုးအတွက် လက်ဖွဲ့တဲ့ပစ္စည်း ကို ခန်းဝင်ပစ္စည်လို့ ခေါ်တယ်။
ဒီပစ္စည်ထဲမှာ မင်္ဂလာဆောင်တဲ့အချိန် သတိုးသားက သတိုးသမီးကို နှစ်ဦးအကျိုးအတွက် ပေးတဲ့ပစ္စည်းလည်း ပါတယ်။
ခန်းဝင်ပစ္စည်းခွဲဝေပုံ။ ။ ခန်းဝင်ပစ္စည်း အကျိုးခံစားခွင့်ကတော့ လင်မယား အညီအမျှ ခံစားခွင့်ရတယ်။
၎။ လက်ထက်ပွားပစ္စည်း။ ။ ထိမ်းမြားလက်ထပ်ချိန်ကစပြီး ပွားများ လာတဲ့ ပစ္စည်းမှန်သမျှကို လက်ထပ်ပွားပစ္စည်း လို့ခေါ်တယ်။ အဲဒီ လက်ထက်ပွားပစ္စည်းမှာလည်း နှစ်မျိုးရှိတယ်။
(က) သာမန် လက်ထက်ပွားနဲ့
(ခ) အမွေရ လက်ထက်ပွားတို့ ဖြစ်တယ်။
(က) လင် ဒါမှမဟုတ် မယား တစ်ဦး တစ်ယောက်တည်း ကြိုးပမ်း အားထုတ်ပြီး ရတဲ့ပစ္စည်းကို သာမန်လက်ထက်ပွား လို့ခေါ်တယ်။
(ခ) လင် ဒါမှမဟုတ် မယား တစ်ဦးတစ်ယောက်တည်း အမွေခံရရှိတဲ့ ပစ္စည်းကို အမွေရ လက်ထက်ပွားလို့ ခေါ်တယ်။
လက်ထက်ပွားပစ္စည်းခွဲဝေပုံ။ ။ လက်ထက်ပွား ပစ္စည်းနှစ်မျိုးရှိတဲ့ အနက် သာမန်လက်ထက်ပွားပစ္စည်းအပေါ်မှာ လင်နဲ့မယား အညီအမျှ ခံစားခွင့်ရှိတယ်။
အမွေရ လက်ထက်ပွားပစ္စည်းအပေါ်မှာ အမွေရသူက သုံးပုံ နှစ်ပုံ၊ အိမ်ထောင်ဖက်က သုံးပုံတစ်ပုံ ခံစားခွင့်ရှိတယ်။
၅။ နှစ်ပါးစုံ ပစ္စည်း။ ။လင်မယားနှစ်ဦး ကြိုးပမ်းအားထုတ် ရှာဖွေ ရရှိတဲ့ ပစ္စည်းကို နှစ်ပါးစုံပစ္စည်းလို့ ခေါ်တယ်။
နှစ်ပါးစုံပစ္စည်း ခွဲဝေပုံ။ ။ နှစ်ပါးစုံပစ္စည်အပေါ်မှာ လင်နဲ့မယား အညီအမျှအကျိုးခံစားခွင့် ရှိတယ်။
အထက်ပါဖော်ပြခဲ့တဲ့ ပစ္စည်းငါးမျိုးကို သိဖို့လိုတယ်။ ကျန်ပစ္စည်း အမျိုးအမည်နှစ်ခုကတော့ မင်းပေးပစ္စည်းနဲ့ သင်းသီးပစ္စည်း ဖြစ်တယ်။ အခုအခါမှာ ဒီပစ္စည်မျိုး မရှိတော့တာဖြစ်လို့မဖော်ပြတော့ဘဲ ချန်ထား လိုက်တယ်။

No comments:
Post a Comment