Tuesday, September 18, 2012
အမွေဆက်ခံရမည့်ပုဂ္ဂိုလ်
၁။ လင်နဲ့မယား ပြိုင်တူသေဆုံးရင်
 သားသမီးမရှိတဲ့ လင်မယားနှစ်ယောက် အမှတ်တမဲ့ ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ပြီး တစ်ပြိုင်တည်း ပျက်စီးခဲ့ရင် ဒါမှမဟုတ် တစ်ယောက်သေဆုံးပြီး (များမကြာမီ) ကျန်တစ်ယောက် သေဆုံးရင် အမွေခန်း တရားဥပဒေအနေနဲ့ တစ်နည်းတစ်ဖုံ ဖြစ်သွားတတ်တယ်။ ဒီလို သေဆုံးရင် အမွေ ဆက်ခံရေးကိစ္စမှာ အခြေခံမူတွေနဲ့ မသက်ဆိုင်တော့ဘူးလို့ ဆိုရမယ်။ ဒီလို အမှုမျိုး အတွက် အမွေဆက်ခံရေး ဥပဒေဟာ တသီးတခြားလို့ ဆိုရမယ်။
    လင်နဲ့မယား တစ်ယောက်သေဆုံးပြီး(များမကြာမီ) နောက်တစ်ယောက် သေဆုံးရင် သူတို့နှစ်ဦး ပိုင်ဆိုင်တဲ့ပစ္စ္စည်းတွေဟာ သူတို့နှစ်ဦးပိုင်ဆိုင်တဲ့ပစ္စည် အဖြစ် ကျန်ရစ်တယ်။
    တစ်ယောက် သေပြီးတဲ့နောက် အတန်ကြာမှ နောက်တစ်ယောက် သေရင် ကျန်ရှိတဲ့ ပစ္စည်ဟာ နောက်မှ သေတဲ့ တစ်ဦးတည်းသော ပစ္စည်း ဖြစ်သွားတယ်။ အလျင်သေဆုံးသူနဲ့ လုံးဝ မသက်ဆိုင်တော့ဘူးလို့ ဆိုရမယ်။
    သားသမီးမရှိတဲ့ လင်မယားနှစ်ယောက် တစ်ပြိုင်တည်းဖြစ်ဖြစ်၊ (များမကြာမီ) ဖြစ်ဖြစ် သေဆုံးကြရင် နှစ်ဖက်မိဘတွေက ကွယ်လွန်သူတို့ရဲ့ အမွေကို အညီအမျှ ခွဲဝေယူကြရတယ်။ မိဘတွေ မရှိရင် လင့်ဘက်က ဆွေမျိုးနဲ့ မယားဖက်က ဆွေမျိုးတွေ အညီအမျှ တစ်ဝက်စီ ဝေယူကြရမှာ ဖြစ်တယ်။
    (များမကြာမီ) ဆိုတာ တစ်လ ဒါမှမဟုတ် အကြောင်းထူးအတွက် တစ်လထက် ရက်အနည်းငယ် ကျော်တဲ့ အချိန်ကာလကို ဆိုလိုတာဖြစ်တယ်။
    နှစ်ဖက်ဆွေမျိုးတွေအနက် တစ်ဖက်မှာရှိတဲ့ ဆွေမျိုးက ဘယ်လောက်ပဲ ရင်းချာနီးစပ်တဲ့ ဆွေမျိုးဖြစ်စေဦးတော့ မျိုးဆက်ဝေးကွာံလှတဲ့ တစ်ဖက်က ဆွေမျိုးကို မပယ်ထုတ်နိုင်ဘူး။ တစ်ဖက်က ရင်းချာတဲ့ ဆွေမျိုးနဲ့ တစ်ဖက်က ဝေးကွာလှတဲ့ ဆွေမျိုးတို့ တစ်ဝက်စီ အညီအမျှ အမွေရကြဖို့ပဲ။
    သူတို့အချင်းချင်း အမွေခွဲဝေရင် တစ်ဦးချင်းအနေနဲ့ အညီအမျှ ခွဲဝေယူကြရမယ်။
    လင်နဲ့မယားဟာ ငါးရက်ခြားပြီး ပျက်စီးသွားကြတယ်။ မယားဘက်မှာ ညီမတစ်ယောက်နဲ့ မောင်တစ်ယောက် ကျန်ရစ်တယ်။ လင်ဘက်မှာ တူနဲ့ တူမတွေ ကျန်ရစ်တယ်။ နှစ်ဖက်ဆွေမျိုးတွေက အမွေလုကြတဲ့အခါ လင့်ဘက် ဆွေမျိုးတစ်ဝက်၊ မယားဘက် ဆွေမျိုးတစ်ဝက် ရရှိကြတယ်။ သာမန်အားဖြင့် ဆိုရင် ညီမနဲ့ မောင်ဟာ တူနဲ့ တူမ တွေကို အမွေက ပယ်ထုတ်နိုင်လောက်အောင် ရင်ချာတဲ့ ဆွေးမျိုးတွေပဲ ဖြစ်တယ်။
၂။ အိုနာစာ ရန်ပုံငွေ
      မြန်မာ ဗုဒ္ဓဘာသာတွေအနေနဲ့ သေတမ်းစာနဲ့ မိမိပစ္စည်းကို ပေးလိုသူကို ပေးခွင့်မရှိပေမယ့် အိုနာစာရန်ပုံငွေ အက်ဥပဒေ ၅ အရ အိုနာစာ စုသူ တစ်ယောက်ဟာ စုငွေကို မိမိသေဆုံးတဲ့အခါ ရယူစေလိုတဲ့ ပုဂ္ဂိုလ်ကို နည်းဥပဒေနဲက အညီ ကြိုတင်ပြီး အမည်တင်သွင်းထားနိုင်ခွင့် ရှိတယ်။ ဒီလိုပြုလုပ်တာ မြန်မာဓလေ့ထုံးတမ်း အမွေခန်းဥပဒေနဲက ဆန့်ကျင်ပေမယ့် အစိုးရဟာ ပြဌာန်းထားတဲံ ဥပဒေဖြစ်လို့ ဓလေ့ထုံးတမ်း ဥပဒေကို လွှမ်းမိုးနိုင်တဲ့အတွက် ကြောင့်ပဲ။
      မီးရထားဌာနမှာ အလုပ်လုပ်တဲ့ မြန်မာဗုဒ္ဓဘာသာတစ်ယောက်ဟာ မယားရှိလျက် အိုနာစာနဲက ရန်ပုံငွေရဲ့ အကျိုးခံစားခွင့်ကိုနှမ ဖြစ်သူရဲ့အမည်နဲ့ ထားခဲ့တယ်။ အဲ့ဒီပုဂ္ဂိုလ်သေဆုံးတဲ့အခါ သူစုဆောင်းထားတဲ့ အိုနာစာရန်ပုံငွေအတွက် မယားနဲ့ နှမတို့ တရားဖြစ်ကြတယ်။ အိုနာစာရန်ပုံငွေ အက်ဥပဒေ ပုဒ်မ ၅ အရ ငွေစုသူရဲ့ သဘောနဲ့ ရန်ပုံငွေရဲ့ အကျိုးခံစားခွင့်အတွက် အမည် တင်သွင်းတာဖြစ်လို့ နှမဖြစ်သူ ကအမှုမှာ အနိုင်ရရှိတယ်။
     အိုနာစာရန်ပုံငွေ အက်ဥပဒေ ပုဒ်မ ၇(၁) အရ အိုနာစာ စုသူတစ်ယောက် ဟာငွေကို မိမိသေဆုံးတဲ့အခါ ရယူလိုသူ တစ်ဦးဖြစ်ဖြစ် ကြိုတင်ပြီး အမည်တင်သွင်းထားခွင့် ရှိတယ်။
     ဒါပေမယ့် ဒီလို အမည်စာရင်း တင်သွင်းတဲ့ အချိန်မှာ အိမ်ထောင်ရှိသူ ဖြစ်ရင် မိမိရဲ့ အိမ်ထောင်ဘက် သားသမီးစတဲ့ မိသားစုမှတစ်ပါး တခြားသူ တွေရဲ့ အမည်ကိုတင်သွင်းခွင့် မရှိဘူး။
    အမည်စာရင်းတင်သွင်းတဲ့အချိန်က အိမ်ထောင်မရှိသေးလို့ တစ်ဦးတစ်ယောက်ရဲ့ အမည် တင်သွင်ထားခဲ့တောင်မှ အိမ်ထောင်ပြုတာနဲက တစ်ပြိုင်တည်း အဲဒီအမည် တင်သွင်းခြင်းဟာ အလိုအလျောက် ပျက်ပြယ်သွားတယ်။
   အကြောင်းကတော့ ရန်ပုံငွေ နည်းဥပေဒေပုဒ်မ ၇(၅) (၇၊ ၁၂၊ ၅၉) နေ့ အထိ ပြင်ဆင်ချက်အရနဲ့ ပုံစံဂျီပီအက်ဖ် ၄၂ တို့အရတင်သွင်းရတာဖြစ်လို့ ပုံစံ ၄၂ မှာ အိုနာစာ စုနေသူ အနေနဲ့ မိသားစုရရှိခဲ့ရင် အမည် တင်သွင်းခြင်း ဟာ ပယ်ဖျက်ပြီး ဖြစ်စေရမယ်လို့ အတိအလင်း ဖော်ပြထားလို့ပဲ။
၃။ အသက်အာမခံငွေ
     အသက်အာမခံကိစ္စမှာလည်း အိုနာစာရန်ပုံငွေနည်းတူ အမှုအခင်းတွေမကြာခဏ ဖြစ်လေ့ဖြစ်ထရှိတဲ့အတွက် အမှုအခင်းတွေမဖြစ်ပွားဖို့ ရည်ရွယ်ပြီး အစိုးရက (ပြည်ထောင်စု အာမခံစနစ် အဖွဲ့ဥပဒေ) ကို ၁၉၅၀ ခုနှစ်မှာပြဌာန်း
အတည်ပြုခဲ့တယ်။
     အဲ့ဒီ အက်ဥပဒေပုဒ်မ ၁၅ မှာအောက်ပါအတိုင်း ပါရှိတယ်။  
      ၁။  ဥပဒေ၌သော်လည်းကောင်း၊ ဥပဒေကဲ့သို့ပင် အာဏာတည်သော ဓလေ့ ထုံစံ၌သော်လည်းကောင်း မည်သို့ပင် ဆိုထားစေကာမူ ဤဥပဒေအရ ပြုသည့် အသက်အာမခံပေါ်လစီ လွှဲပြောင်း ပေးခြင်းမှာ မပြုမနေရ ဖြစ်ရမည့်အပြင်၊ ဆိုခဲ့သည့်  လွှဲပြောင်းပေးခြင်း သည် မည်သည့် စည်းကမ်း ချက် ပါရှိစေကာမူ ဆိုခဲ့သည့် ဥပဒေကြောင့်သော်လည်းကောင်း၊ ဆိုခဲ့သည့် ဓလေ့ထုံစံကြောင့် သော်လည်းကောင်း မပျက်စေရ။
ခြွင်းချက်။   (က)  သို့ရာတွင် မိသားစုရှိသော် ဤဥပဒေအရ အာမခံထားသူ တစ်ဦးသည် မိမိ၏ မိသားစု၌
                        မပါသောသူအား ဆိုခဲ့သည့် လွှဲပြောင်းပေးခြင်းကို မပြုရ။
               (ခ)  ထို့ပြင် မိသားစုမရှိသော် ဤအက်ဥပဒေအရ အာမခံ ထားသူ တစ်ဦးသည် မည်သူ့အတွက်မဆို၊ ဆိုခဲ့သည့် လွှဲပြောင်းပေခြင်းကို မိမိသဘောအလျောက် ပြုနိုင်သည်။
    ၂။  ပုဒ်မခွဲ(၁) ခြွင်းချက် (ခ) အရ အာမခံထားသူက ပြုသည် ဆိုခဲ့သော လွှဲပြောင်းပေးခြင်းသည် ထိုသူ အိမ်ထောင်ပြုသည်ဆိုခဲ့သော လွှဲပြောင်းပေးခြင်းသည် ထိုသူ အိမ်ထောင်သည်နှင့် တစ်ပြိုင်နက် အလိုအလျောက် ပျက်သည်ဟု မှတ်ယူရမည်။
    ၃။အာမခံထားသူသည် ဤအက်ဥပဒေအရ ပြုသည်ဆိုခဲ့သော လွှဲပြောင်းပေးခြင်းကို အဖွဲ့က ပြဋ္ဌာန်းသည့် စည်းကမ်းချက်များ အတိုင်း ပြင်နိုင်သည်။  သို့တည်းမဟုတ် ပယ်ဖျက်နိုင်သည်။
 ဤပြင်ဆင် အက်ဥပဒေအရ 'မိသားစု' ဆိုသည်မှာ-
          ၁။  ဤအက်ဥပဒေအရ အာမခံထားသူသည် ယောက်ျားဖြစ်လျှင် ထိုသူ၏ တရားဝင်မယားနှင့် ကလေးများ။
          ၂။  ဤအက်ဥပဒေအရ အာမခံထားသူသည် မိန်းမဖြစ်လျှင် ထိုသူ၏ တရားဝင် လင်နှင့် ကလေးများ။
          ၃။  ဤအက်ဥပေဒေအရ အာမခံထားသူ၏ မိခင်၊ ဖခင်။
          ၄။  ဤအက်ဥပေဒေအရ အာမခံထားသူက မှီခိုအားထားနေ သည့် နီးစပ်သော ဆွေမျိုးညာတိများ ပါဝင်သည်။
    ကျောင်းဆရာတစ်ဦးဟာ မတင်လှဆိုသူနဲ့ အိမ်ထောင်ကျတယ်။ အိမ်ထောင်မကျမီ အာမခံထားရာမှ မိခင်ဒေါ်ဂေါက်အမည်နဲ့ လွှဲပြောင်းပေးထားခဲ့တယ်။ ဒီလို လွှဲပြောင်းပေးပြီးနောက်ကျမှ မတင်လှနဲ့ အိမ်ထောင်ကျခဲ့တယ်။ မတင်လှနဲ့ အိမ်ထောင်ကျပြီး ကျောင်းဆရာ ကွယ်လွန်သွားခဲ့တယ်။ ကွန်လွန်တဲ့ အခါ အသက်အားမခံငွေနဲက ပတ်သက်ပြီး ဇနီး မတင်လှကတစ်ဖက်၊ မိခင် ဒေါ်ဂေါက်တစ်ဖက် အမှု ဖြစ်ပွားတယ်။
     ခရိုင်တရားသူကြီးရုံးက ပြည်ထောင်စု အာမခံစနစ် အက်ဥပဒေ ၁၅(၂) ကို ကိုးကားပြီး မူလက အိမ်ထောင်မရှိသူအနေနဲ့ အိမ်ထောင်ပြုတာနဲ့ တစ်ပြိုင်နက် မူလက လွှဲပြောင်းခဲ့တဲ့ ကိစ္စဟာ အလိုအလျောက်ပျက်တယ်လို့ ဆုံးဖြတ်ပြီး မယားကို အနိုင်ပေးတယ်။ ဒါပေမယ် တရားရုံးချုပ်ကို ရောက်တဲ့အခါ ခရိုင်တရာမ တရာသူကြီး ကိုးကားတဲ့ ပုဒ်မဟာ ပုဒ်မ ၁၅(၁) (ခ) အရ မိသားစုမရှိတဲ့သူနဲ့သာ သက်ဆိုင်တယ်။ ဒီအမှုမှာ ကျောင်းဆရာရဲ့ မိခင်ဟာ ဒီဥပဒေမှာ ဖော်ပြထားတဲ့ 'မိသားစု' စာရင်းမှာ ပါဝင်သူဖြစ်တယ်လို့ အကြေားင်းပြပြီး မိခင် ဒေါ်ဂေါက်ကို အနိုင်ပေးလိုက်တယ်။
    မတင်လှက ပြည်ထောင်စု တရားစီရင်ရေး အက်ဥပေဒပုဒ်မ ၆ အရ အခွင့်ထူး အယူခံခွင့်ပေးဖို့ လျှောက်ထားတဲ့အခါ ပြည်ထောင်စု အာမခံစနစ် အဖွဲ့ အက်ဥပဒေပုဒ်မ ၁၅(၁) အရ ခြွင်းချက် (က) (ခ) နဲ့ အပိုဒ် (၂) ပါ ပြဋ္ဌာန်းချက်တွေနဲ့ မှန်ကန်ခြင်း ရှိမရှိ စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်တဲ့အတွက် အယူခံဝင်ခွင့် ပေးခဲ့တယ်။
     နိုင်ငံတော် တရားသူကြီးချုပ် ဦးဆောင်တဲ့ စုံညီခုံရုံးက ကြားနာပြီးတဲ့ နောက် မတင်လှ၇ဲ့ အယူခံအမှုကို ပလပ်ခဲ့တယ်။ စုံညီခုံရုံး စီရင်ချက်မှာ ပုဒ်မ ၁၅ ဟာ ဓလေ့ထုံးတမ်း ဥပဒေကို လွှမ်းမိုးတဲ့အတွက် အဲ့ဒီ ဥပဒေအရ တရာဝင်လွှဲပြောင်းခြင်း ခံရသူသာ အသက်အာမခံ ပေါ်လစီရဲ့ အကျိုးကို ခံစားခွင့်ရှိတယ်။ မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ မတင်လှဟာ ကွယ်လွန်သူ ကျောင်းဆရာရဲ့ ဇနီးအဖြစ် အမွေခံ အမွေစား မှန်ဦးတော့ ခင်ပွန်းသည်ရဲ့ အသက်အာမခံအပေါ်လစီ အကျိုးခံစားခွင့် သက်ဆင်းရာလမ်းကြောင်းကို အထူး ဥပဒေအရ အတိအလင်း သတ်မှတ်ပြီး ဖြစ်တဲ့အတွက် အကျိုးခံစားခွင့်နဲ့ ပတ်သက်ပြီး အမွေဆက်ခံခွင့် မရနိုင်ဘူးလို့ ဖော်ပြထားတယ်။
ဆွေမျိုးသားချင်း အမွေဆက်ခံရေး
၁။ ဆွေမျိုးနဲ့ အမွေ
        ဆွေမျိုးသားချင်း အမွေဆက်ခံရေးမှာ ဘယ်သူဟာ သေသူရဲ့ အမွေခံ အမွေစားဖြစ်တယ်ဆိုတဲ့ အချက်ကို အမွေဆက်ခံရေး အခြေခံမူ ခြောက်ရပ်အနက် အောက်ဖော်ပြပါ လေးရပ်နဲ့ ညှိနှိုင်းဆုံးဖြတ်ရမှာ ဖြစ်တယ်။
      (၁)  အမွေဟာ အောက်ကိုစုန်နိုင်ရင် အထက်ကို မဆန်ရခြင်း
      (၂)  မျိုးဆက်နီးသူက ဝေးသူကို အမွေက ပယ်ထုတ်ခြင်း
      (၃)  မျိုးဆက်နီးဝေး တူညီရင် သွေးရင်းဆွေမျိုးက သွေးဝက်ဆွေမျိုးကို အမွေက ပယ်ထုတ်ခြင်း
      အမွေဟာ အောက်ကိုစုန်နိုင်ရန် အထက်ကို မဆန်ရခြင်းဟာ မြန်မာ့ ဓလေ့ ထုံးတမ်းဥပဒေရဲ့ အခြေခံသဘောတရားပဲ ဖြစ်တယ်။ ဒါ့အပြင် အမွေဟာ အထက်ကိုဆန်ရင် လိုတာထက်ပိုပြီး မဆန်ရခြင်းဟာလည်း ဆင်ခြင်တုံးတရားနဲ့ ညီညွတ်တဲ့ ကောက်ယူချက်တစ်ရပ် ဖြစ်တယ်။
     မျိုးဆက်အနီးအဝေး တူညီတဲ့ ဆွေမျိုးချင်းဖြစ်ရင် တစ်မိ တစ်ဖတည်းက မွေးဖွားတဲ့ 'သွေးရင်းဆွေမျိုး' က ဖတူမိကွဲ၊ မိတူ ဖကွဲ ' သွေးရင်းဆွေမျိုး' ကို အမွေမှ ပယ်ထုတ်နိုင်တယ်။
     မျိုးဆက်အနီးအဝေး တူညီနေရင် သွေးရင်ဆွေမျိုးတွေက သွေးဝက်ဆွေမျိုးတွေထက် အမွေဆက်ခံခွင့်ရှိတယ်။ ဒါ့အပြင် အမွေဟာ အောက်ကို စုန်နိုင်ရင် အထက်ကိုမဆန်ရ ဆိုတဲ့ အခြေခံမူဟာ မျိုးဆက်တူညီနေတဲ့ သွေးရင်း ဆွေမျိုးတွေနဲ့ သွေးဝက်ဆွေမျိုးတွေ ယှဉ်ပြိုင် အမွေလုမှုမှာ မသက်ဆိုင်ဘူး။
    မျိုးဆက်အနီးအဝေး တူညီရင်  'အဆန်' ဘက်ရှိ ဆွေမျိုးတွေကို ' အစုန် ' ဘက်ရှိဆွေမျိုးတွေက အမွေမှ ပယ်ထုတ်မှာ ဖြစ်တယ်။
    သေဆုံးသူနဲ့ မျိုးဆက်အနီးအဝေး တူညီတဲ့ ဆွေမျိုးတွေ အမွေဆက်ခံရင် ၄င်းတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးအရ တစ်ဦးချင်းအနေနဲ့ အမွေခွဲဝေရတယ်။ 'မိဘမျိုးရိုး' အလိုက် မိဘတို့ကို ကိုယ်စားပြုပြီး အမွေမဆက်ခံဘူး။
    သေဆုံးသူမှာ ဖခင်ရဲ့ အမေ့ညီမက မွေးတဲ့သားတစ်ယောက်၊ ဖခင်ဘက်က ဦးလေးရဲ့ကလေးနှစ်ယောက်နဲ့ မိခင်ဘက်က တခြား ဦးလေးတစ်ယောက် မွေးတဲ့ ကလေးခြောက်ယောက်တို့ အမွေခံ အမွေစားအဖြစ် ကျန်ရစ်တယ်။ ဒီအမွေခံ ကလေးကိုးယောက်တို့ အနေနဲ့ သေသူရဲ့ အမွေမှာ ကိုးပုံတစ်ပုံစီ ရထိုက်တယ်။
၂။ သာစဉ်နာစဉ် ပြုစုစောင့်ရှောက်ခြင်းနဲ့ အမွေဆက်ခံခွင့်
     ဦးမဲနဲ့ ဒေါ်တုပ်တို့ဟာ သေသူမောင်ဘဟန်ကို ကိတ္တိမသားအဖြစ် မွေးစားခဲ့တယ်။ ဦးမဲသေးဆုံးတဲ့အခါ ဒေါ်တုပ်က ဦးထွန်းရင် ဆိုသူနဲ့ နောက်အိမ်ထောင်ပြုတယ်။ ဦးထွန်းရင်နဲ့ သားသမီးမရလိုက်ဘဲ ဒေါ်တုပ်သေဆုံးသွားတယ်။ ဦးထွန်းရင်က ဒေါ်လှရှင်နဲ့ နောက်အိမ်ထောင်ပြုတယ်။ သားသမီး မရဘူး။ မောင်ဘဟန် သေဆုံးတဲ့အခါ မောင်ဘဟန်ရဲ့ အမွေကို မောင်ဘဟန်ရဲ့ နှမရင်း ဒေါ်အေးခင်နဲ့ ဒေါ်လှရှင်တို့ လုကြတယ်။ မောင်ဘဟန်ဟာ မွေးစားမိခင် ဒေါ်တုပ် သေဆုံးပြီးနောက် ဘထွေး ဦးထွန်းရင်က ဒေါ်လှရှင်နဲ့ အိမ်ထောင်ပြုတဲ့အခါ ဘထွေးနဲ့ အမှု အခင်း ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် မောင်ဘဟန်နဲ့ ဦးထွန်ရင်တို့ဟာ ဆွေခန်းမျိုးခန်း ပြတ်စဲခဲ့ကြတယ်။ မောင်ဘဟန် ဟာမသေမီ ၁၂ နှစ် မျှ ရူးသွပ်သွားခဲ့တယ်။ ဒေါ်အေးခင်က ပြုစု စောင့်ရှောက် ပြီး သေဆုံးတဲ့အခါ သင်္ဂြိုဟ်ခဲ့တယ်။ ဒါကြောင့် ဒေါ်အေးခင်သာ မောင်ဘဟန်ရဲ့ အမွေကို ရထိုက်တယ်။
    သေဆုံးသူကို သာစဉ်နာစဉ် ပြုစုစောင့်ရှောက်အပ်တဲ့ ဆွေဝတ်မျိုးဝတ် တွေကို သိလျက်နဲ့ တမင်သက်သက် ရည်ရွယ်ပြီး ပျက်ကွက် လစ်ဟင်းကြောင်းနဲ့ စွန့်ပစ်ထားကြောင်း ထင်ရှားရင် အမွေရသင့်တဲ့ ဆွေမျိုးဖြစ်စေဦးတော့ မရနိုင်ဘူး။ အမွေရှင်ကို အသက်ရှိစဉ် ထောက်ပံ့ကြည့်ရှု့ ပြီး သေဆုံးချိန်မှာ အသုဘ အခမ်းအနားကို ပြုလုပ်ဆောက်ရွက်တဲ့ သာမန်ဆွေမျိုးကသာ အမွေဆက်ခံရမှာ ဖြစ်တယ်။
အမွေတောင်းဆိုးမှု နဲက ပတ်သက်တဲ့ ကိစ္စတွေမှာ သာမန် ဆွေဝတ်မျိုးဝတ် တွေကို သိလျက်နဲ့ ရည်ရွယ်ပြီး တမင်သက်သက် လစ်ဟင်း ပျက်ကွက်ကြောင်း မပြနိုင်ရင် သေဆုံးကာနီးပြုစုခြင်းနဲ့ အသုဘကိစ္စအတွက် ငွေကုန်ကြေးကျ ခဲခြင်း စတဲ့ သက်သေခံချက်တွေဟာ တန်ဖိုးမရှိလှဘူး။
၃။ ဆွေမျိုးဆက်အစဉ်
     အမွေခန်း ဥပဒေအရ ကွယ်လွန်သူ ခင်ပွန်း၊ သားသမီး၊ မြေး၊ မြစ် အစရှိတဲ့ တိုက်ရိုက်အဆက်အနွယ်တွေ၊ ကိတ္တိမ သားသမီး၊ လင်ပါ မယားပါ သားသမီးနဲ့ ကိဠိတသားသမီး စတဲ့သူတွေမရှိ ထိုသူရဲ့ အမွေပစ္စည်ကို  ဆက်ခံခွင့် ရှိကြတဲ့ ဆွေမျိုးသားချင်းတွေရဲ့ အစီအစဉ်ဟာ အောက်ပါအတိုင်း ဖြစ်တယ်။
   ၁။ ညီအစ်ကိုမောင်နှမများ
   ၂။ မိဘများ
   ၃။ ဘိုးဘွားများ
   ၄။ တူ၊ တူမများ
   ၅။ ဘကြီး ဘထွေး၊ ဦးရီး  (ဦးကြီး) ဦးလေး၊ အရီးကြီး၊ အရီးလေး၊ မိကြီး၊ မိထွေး (အဒေါ်) များ
   ၆။ တူ၊ တူမများရဲ့ သားသမီးများ
   ၇။ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများ
   ၈။ တူ၊ တူမများရဲ့ မြေးများ
   ၉။ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှများရဲ့ သားသမီးများ
 ၁၀။  တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများရဲ့မြေးများ
 ၁၁။ နှစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများ
 ၁၂။  တစ်ဝမ်းကွဲ ညီအစ်ကို မောင်နှမ များရဲ့ မြစ်များ
၎။ ညီအစ်ကိုမောင်နှမများ
   အမွေခံ ဆွေမျိုးသားချင်းတွေအနက် ညီအစ်ကိုမောင်နှမ အချင်းချင်း ဟာ မိဘထက် ပိုသွေးရင်းနှီးပြီး ရှေးဦးအမွေ ဆက်ခံခွင့်ရှိကြတယ်။
   ဖတူမိကွဲ၊ မိတူဖကွဲ ညီအစ်ကို မောင်နှမတွေ အနေနဲ့ သွေးရင်းတူ တူမတွေနဲ့ အညီအမျှ အမွေဆက်ခံနိုင်ခွင့်ရှိတယ်။
   သေသူမိခင်ရဲ့ ဖတူမိကွဲ၊ မိတူဖကွဲ ညီအစ်ကို  မောင်နှမတွေက သေသူဖခင်ရဲ့ တစ်ဝမ်းကွဲ ညီအကိုမောင်နှမတွေကို အမွေက ပယ်ထုတ်တယ်။
  သေသူရဲ့ ညီအစ်ကိုမောင်နှမတွေ အနေနဲ့  ကွယ်လွန်ပြီးတဲ့ ညီအစ်ကို မောင်နှမတွေက မွေးဖွားတဲ့ တူ၊ တူမ တွေကို အမွေက ပယ်ထုတ်နိုင်တယ်။ သေသူရဲ့ တစ်ဝမ်းကွဲ ညီအစ်ကို မောင်နှမတွေကိုလည်း အမွေက ပယ်ထုတ်မှာ ဖြစ်တယ်။
  ညီအစ်ကိုမောင်နှမ အချင်းချင်းမှာ သေသူ အမွေရှင်ထက်ငယ်သူက ကြီးသူတွေကို အမွေက ပယ်ထုတ်နိုင်တယ်။
  မိဘတွေ ကွယ်လွန်တဲံအခါ အမွေဆိုင် ညီအစ်မလေးဦး အိမ်ခွဲပြီး နေကြတယ်။   ၄င်းတို့အနက်တစ်ဦးသေဆုံးတဲ့အခါ သေသူရဲ့ အောက်ညီမ တစ်ဦးတည်းကသာ သေသူအစ်မရဲ့ အမွေစုကို ရတယ်။
  သေသူမှာ ညီအစ်ကိုမောင်နှမရှိရင် သေသူထက် ရှေးဦးသေဆုံးခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေက မွေးဖွားတဲ့ သားသမီးတွေအနေနဲ့ အမွေဆက်ခံခွင့် မရှိဘူး။
  တကယ်လို့ မိဘနှစ်ပါး သေဆုံးပြီးဖြစ်ပေမယ့် အမွေမခွဲရသေးမီ အိမ်ထောင်မကျသေးတဲ့ ညီအစ်ကိုမောင်နှမတစ်ယောက် သေဆုံးသွားရင် သေသူရဲ့ဝေစုကို ကျန် ညီအစ်ကိုမောင်နှမအားလုံး ခွဲဝေယူကြရမှာ ဖြစ်တယ်။ သေဆုံးသူရဲ့ ညီအစ်ကိုမောင်နှမတွေအနက် ညီငယ် နှမငယ်တွေက အစ်ကို အစ်မတွေကို အမွေက ပယ်ထုတ်နိုင်တယ်။
   သေသူရဲ့အမွေကို မိဘနဲ့ ညီအစ်ကို မောင်နှမ တို့ ယှဉ်ပြိုင်တောင်းဆို ကြရင် သေသူဟာ မိဘနဲ့ အတူနေနေ၊ မနေနေ သေသူရဲ့ အမွေကို မောင်နှများသာ ရထိုက်တယ်။
၅။  မိဘများ
      သေသူမှာ ခင်ပွန်း၊ သား၊ သမီး၊ မြေး၊ မြစ်နဲ့ ညီအစ်ကိုမောင်နှမ စသူတွေ ကျန်ရစ်ရင် သေသူရဲ့ အမွေကို ၄င်းရဲ့ မိဘတွေက ဆက်ခံရမှာ ဖြစ်တယ်။
     သားဖြစ်သူအိမ်ထောင်ကျချိန်ကစပြီး သေဆုံးတဲ့အချိန် အထိ မွေးစားတဲ့ မိခင်နဲ့ အတူနေရတယ်။ သားရဲ့ ပစ္စည်းတွေကို မိခင်က ထိန်းသိမ်းစောင့်ရှောက် ထားတယ်။ သေဆုံးသူသားမှာ သားသမီးမကျန်ရစ်ဘူး။ မိခင်ကြီးလက်မှာ ရှိတဲ့ သားရဲ့ပစ္စည်းတွေကို ချွေးမဖြစ်သူမသရဘူး၊ မိခင်သာရတယ်။ ဒါပေမယ့် ပစ္စည်းထဲက ထိမ်းမြားလက်ထပ်ချိန်က ပါရင်းပစ္စည်းရှိရင် အဲ့ဒီ ပါရင်းရဲ့ သုံးပုံတစ်ပုံကို ချွေးမဖြစ်သူ ရထိုက်တယ်။
၆။ ဘိုးဘွားများ
     မြန်မာ ဓလေ့ထုံးတမ်း ဥပဒေအရ သေဆုံးတဲ့သူ ရဲ့ အမွေကို ၄င်းရဲ့ မိဘတွေ၊ နောက်ဆက်ခံခွင့် ရှိသူတွေကတော့ ဘိုးဘွားများ ဖြစ်တယ်။
၇။ တူ၊ တူမများ
     ဘိုးဘွားတွေနောက်မှာ အမွေဆက်ခံရမယ်သူတွေကတော့ သေသူရဲ့ တူ၊ တူမတွေပဲ ဖြစ်တယ်။တူ၊ တူမတွေဟာ ဦးကြီး၊ ဦးလေး အစရှိသူတို့ ကို အမွေက ပယ်ထုတ်နိုင်တယ်။
    တူ၊ တူမ အချင်းချင်းမှာ ညီအငယ်က မွေးတဲ့ တူ၊ တူမတွေက အစ်ကိုကြီး  မွေးတဲ့ တူ၊ တူမတွေကို အမွေမှ မပယ်ထုတ်နိုင်းဘူး။ တူ၊ တူမတွေအနေနဲ့  အမွေဆက်ခံရင် တစ်ဦးချင်းအနေနဲ့  အမွေဆက်ခံရတယ်။ ' မိဘမျိုးရိုး ' အလိုက် အမွေ မဆက်ခံရဘူး။
၈။ဦးကြီး ဦးလေး အစရှိသူများ
    ဦးကြီးဦးလေး အစရှိတဲ့သူများ ဆိုတဲ့အထဲမှာ ဘကြီး၊ ဘထွေး၊ ဦးရီး (ဦးကြီး) ဦးလေး၊ အရီးကြီး၊ အရီးလေး၊ မိကြီး၊ မိထွေး(အဒေါ်)တို့ ပါဝင်တယ်။
    တူ၊ တူမတွေရဲ့ အမွေကို ဦးကြီး၊ ဦးလေး အစရှိတဲ့ သူတွေ အမွေဆက်ခံရင် ' မိဘမျိုးရိုး ' အလိုက် အမွေမဆက်ခံရဘဲ တစ်ဦးချင်းအနေနဲ့  အညီအမျှ အမွေဆက်ခံရမှာ ဖြစ်တယ်။
    ဦးကြီး၊ ဦးလေး အစရှိတဲ့သူတွေ အသက်ထင်ရှား ရှိနေရင် ကွယ်လွန်သူမောင်နှမတွေက မွေးတဲ့ တစ်ဝမ်းကွဲညီအစ်ကို
မောင်နှမတွေ အမွေရခွင့် မရှိဘူး။
၉။တူ၊ တူမ သားသမီးများနဲ့  တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများ
    ဦးကြီး၊ ဦးလေးအစရှိတဲ့သူတွေနောက် အမွေဆက်ခံခွင့် ရတဲ့ သူတွေကတော တူ၊ တူမတွေရဲ့ သားသမီးတွေ ဖြစ်တယ်။
တူ တူမတွေရဲ သားသမီးတွေ မရှိရင် တစ်ဝမ်းကွဲ ညီအစ်ကို မောင်နှမတွေ အမွေဆက်ခံရမှာ ဖြစ်တယ်။
၁၀။ တူ၊ တူမ မြေးများနှင့် တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများရဲ့ သားသမီး မြေးများ
     တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမတွေနောက် အမွေဆက်ခံခွင့်ရကြသူတွေကတော့ တူ၊ တူမတွေရဲ့မြေးဖြစ်တယ်။ တူ၊ တူမတွေရဲ့မြေးတွေ ဖြစ်တယ်။ တူ၊ တူမတွေရဲ့ မြေးတွေ မရှိမှသာ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမတွေရဲ့ မြေးတွေ မရှိမှသာ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမ တွေရဲ့ သားသမီးတွေက အမွေဆက်ခံကြရမှာ ဖြစ်တယ်။
   တူ၊ တူမတွေရဲ့ မြေးတွေနဲ့ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမတွေရဲ့ သားသမီးတွေဟာ မျိုးဆက် ငါးဆက် ဝေးသူချည်း ဖြစ်ကြတယ်။ ဒါပေမယ့် တူ၊ တူမတွေရဲ့ မြေးတွေက အဆန်တစ်ဆက်နဲ့ အစုန်လေးဆက် ဖြစ်ပြီ တစ်ဝမ်းကွဲညီအစ်ကိုမောင်နှမတွေရဲ့ သားသမီးတွေက အဆန်နှစ်ဆက် အစုန်သုံးဆက် ဖြစ်တယ်။ ဒါကြောင့် မျိုးဆက် အနီးအဝေး တူစေဦးတော့ အဆန်နှစ်ဆက်ရှိတဲ့ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမတွေရဲ့ သားသမီးတွေကို အဆန်တစ်ဆက်သာရှိတဲ့ တူ၊ တူမတွေရဲ့မြေးတွေက အမွေမှ ပယ်ထုတ်ခြင်း ဖြစ်တယ်။
   တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမတွေရဲ့ သားသမီးတွေနောက် အမွေဆက်ခံခွင့် ရကြသူတွေကတော့ တစ်ဝမ်းကွဲ ညီအစ်ကို မောင်နှမတွေရဲ့ မြေးများဖြစ်တယ်။
၁၁။ နှစ်ဝမ်းကွဲ ညီအစ် ကိုမောင်နှမများ
   ညီအစ်ကို မောင်နှမအရင်းက မွေးဖွားတဲ့ မြေးအချင်းချင်းကို နှစ်ဝမ်းကွဲ ညီအစ်ကို မောင်နှမလို့ ခေါ်တယ်။
   တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမတွေရဲ့ မြေးတွေနောက် အမွေဆက်ခံခွင့် ရကြသူတွေကတော့နှစ်ဝမ်းကွဲ ညီအစ်ကို မောင်နှမတွေပဲ ဖြစ်တယ်။
၁၂။ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများရဲ့ မြစ်များ
    နှစ်ဝမ်းကွဲ ညီအစ်ကို မောင်နှမတွေနောက် အမွေဆက်ခံခွင့် ရကြသူ တွေကတော့ တစ်ဝမ်းကွဲ ညီအစ်ကို မောင်နှမတွေရဲ့ မြစ်တွေပဲ ဖြစ်တယ်။
၁၃။ မျိုးစက်နီးဝေးတူပါက သွေးရင်းဆွေမျိုးက သွေးဝက်ဆွေမျိုးကို အမွေမှ ပယ်ထုတ်ခြင်း
   တစ်မိ တစ်ဖတည်းက မွေးတဲ့ ဆွေမျိုးတွေကို ' သွေးရင်ဆွေမျိုးတွေ 'လို့ခေါ်တယ်။ ဖတူမိကွဲ မိတူဖကွဲက မွေးတဲ့ တွေမျိုးတွေကို' သွေးဝက်ဆွေမျိုးတွေ ' လို့ခေါ်တယ်။
  မျိုးဆက် အနီးအဝေးတူရင် သွေးရင်းဆွေမျိုးတွေက ရရှိတယ်။ သွေးဝက် ဆွေးမျိုးတွေက သွေးရင်းဆွေမျိုးထက် ပိုပြီး မျိုးဆက်နီးရင် သွေးရင်ဆွေမျိုးတွေကို အမွေမှ ပယ်ထုတ်နိုင်တယ်။
  အဆန်ဘက်မှာရှိတဲ့ သွေးရင်းဆွေမျိုးတွေနဲ့ အစုန်ဘက်မှာရှိတဲ့ သွေးဝက် ဆွေမျိုးတွေ ယှဉ်ပြိုင်ပြီး အမွေလုကြရင် မျိုးဆက်တူစေဦးတော့ အဆန်နှစ်ဆက်ရှိတဲ့ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမတွေရဲ့ သားသမီးတွေကို အဆန် တစ်ဆက်သာရှိတဲ့ တူ၊ တူမတွေရဲ့ မြေးတွေက အမွေမှ ပယ်ထုတ်ထားခြင်း ဖြစ်တယ်။
  အဆန်ဘက်မှာရှိတဲ့ သွေးရင်ဆွေမျိုးတွေနဲ့ အစုန်ဘက်မှာရှိတဲ့ သွေးဝက်ဆွေမျိုးတွေ ယှဉ်ပြိုင်ပြီး အမွေလုကြရင် မျိုးဆက် တူစေဦးတော့ အဆန်ဘက် မှာရှိတဲ့ သွေးရင်ဆွေမျိုးတွေက ရရှိတယ်။
   သွေးရင်း ညီအစ်ကိုတွေက် သွေးဝက် ညီအစ်ကိုတွေကို အမွေက ပယ်ထုတ်တယ်။ သွေးဝက် ညီအစ်ကို မောင်နှမတွေကြ သွေးရင်း တူ၊ တူမတွေနဲ့ တန်းတူ အမွေ ဆက်ခံခွင့် ရှိတယ်။
Monday, September 17, 2012
သူစိမ်းနဲ့ အမွေဆက်ခံရေး
သူစိမ်းနဲ့ အမွေဆက်ခံရေး
သူစိမ်းဆိုတာ သွေးသားမတော်စပ်တဲ့ လူတစ်ယောက်။ ဒါမှမဟုတ် ဆွေမျိုး ဖြစ်ပေမယ့် သာမန်အမွေခံ လမ်းကြောင်းမှာ မရှိတဲ့ ဆွေမျိုးတစ်ယောက်။ ဒါမှ မဟုတ် အမွေခံ အမွေစားပင် ဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် အမွေဆက်ခံခွင့် ဆုံးရှုံးနေသူကို ဆိုလိုတာဖြစ်တယ်။
    သေသူရဲ့ အမွေကို ဆက်ခံသင့်သူတွေ အနေနဲ့ သေသူကို တမင်သက်သက် စွန့်ပစ်ထားတာမျိုး၊ ဒါမှမဟုတ် မေ့လျော့ထားတာမျိုး ထင်ရှားမှသာ သေသူ နာမကျန်းချိန် ပြုစုစောင့်ရှောက်ပြီး သေဆုံးတဲ့အခါ အသုဘကိစ္စ ဆောင်ရွက်တဲ့ သူက အမွေ ဆက်ခံနိုင်တယ်။
   သာစဉ်နာစဉ် ပြုစုစောင့်ရှောက်သင့်တဲ့ သာမန်ဆွေမျိုးဝတ်နဲ့ သံယောဇဉ်တွေကို သေသူရဲ့ အမွေခံတို့ က သိလျက်နဲ့ တမင်သက်သက် မေ့လျော့ပျက်ကွက်ကြောင်းထင်ရှားရင် သေသူကို ထောက်ပံ့ပြုစုပြီး သင်္ဂြိုဟ် တဲ့သူစိမ်းက တမင်သက်သက် မေ့လျော့ပျက်ကွက်ထားတဲ့ သူကို အမွေမှ ပယ်ထုတ်နိုင်တယ်။ သူစိမ်းအနေနဲ့ သေသူရဲ့အမွေ ဆက်ခံနိုင်ဖို့အတွက် မကျန်းမာစဉ်သာမက ကျန်းမာနေစဉ်မှာလည်း ပြုစုဖို့ လိုအပ်တယ်။
   သေဆုံးသူကို ပြုစုစောင့်ရှောက်နေတဲ့ သူစိမ်းဟာ အခစားလုပ်သူဖြစ်လရင် သေသူရဲ့ အမွေကို မဆက်ခံနိုင်ဘူး။
   သေသူရဲ့ အမွေခံ အမွေစားတွေအနေနဲ့ သေူသူကို ဆွေခန်းမျိုးခန်း ပြတ်တယ်လို့ဆိုရအောင် တမင်သက်သက် ၇ည်စူးပြီး စွန့်ပစ်ထားကြောင်း ထင်ရှားအောင်မပြနိုင်ရင် သေဆုံးသူကို ပြုစုစောင့်ရှောက်တာမျိုး၊ သင်္ဂြိုဟ်တာမျိုး စတဲ့ အချက်တွေ အရေးမကြီး လျစ်လျူရှုးနိုင်တယ်။
   သေသူရဲ့ အမွေကို ညီမဖြစ်သူနဲ့ လင်ပါသမီးတို့ သူရထိုက် ငါရထိုက် လုကြတယ်။ သာမန်အားဖြင့်ဆိုရင် အမွေဆက်ခံထိုက်သူတို့ရဲ့ အစီအစဉ်မှာ လင်ပါသမီးဟာ ညီမထက် ရင်းချာတယ်။ ဒါပေမယ့် ဒီအမှုမှာ လင်ပါသမီးက မိထွေးကို သားသမီးတို့ ပြုဖွယ်ဝတ္တရား ဆောင်ရွက်ခြင်း မရှိတဲ့အပြင် မိထွေးဖြစ်သူ သေဆုံးခါနီးမှာ ပြုစုခြင်းမရှိဘူး။ ညီမဖြစ်သူက ၄င်းရဲ့ အစ်မကို မသေဆုံးမီ ပြုစုတယ်။ သေဆုံးတဲ့အခါ သင်္ဂြိုဟ်တယ်။ ဒီအကြောင်းပြချက်နဲ့ ညီမဖြစ်သူက အမွေရထိုက်ကြောင်းတင်ပြခဲ့တယ်။ ဒါပေမယ် တရားလွှတ်တော်က ညီမဖြစ်သူဟာ သေသူကို ပြုစုစောင့်ရှောက်တာမျိုး စတဲ့အမှုကို ပြုတာမှန်ပေမယ့်လည်း အမွေရထိုက်သူကို အမွေမှ မပယ်ထုတ်နိုင်လို့ အဆုံးအဖြတ်ပေးတယ်။
   သေသူရဲ့ ပစ္စည်းကို သူစိမ်းက အမွေဆက်ခံရနိုင်ဖို့အတွက်
 (၁)  သေဆုံးသူကို ၄င်းရဲ့  ဆွေမျိုးသားချင်တွေက ဆွေခန်းမျိုးခန်း ပြတ်စဲပြီး သိလျက်နဲ့ တမင်သက်သက် စွန့်ပစ်တာမျိုး၊ ဒါမှမဟတု မေ့လျော့တာမျိုး။
 (၂)  သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတွေက သေဆုံးသူကို သာစဉ် နာစဉ် ပြုစုစောင့်ရှောက်အပ်တဲ့ သာမန်ဆွေဝတ် မျိုးဝတ်တွေကို သိလျက်နဲ့ တမင်သက်သက် မပြုလုပ် မဆောင်ရွတ်တာမျိုး။
 (၃) သူစိမ်းအနေနဲ့ သေဆုံးသူကို ကျန်းမာစဉ်ဖြစ်ဖြစ်၊ မကျန်းမာစဉ်ဖြစ်ဖြစ် ပြုစုစောင့်ရှောက်ပြီး သေဆုံးတဲ့အခါ သင်္ဂြိုဟ်တာမျိုးဆိုတဲ့ အချက်တွေကို ထင်ရှားအောင် ပြဖို့လိုတယ်။
      သေသူမှာ အမွေဆက်ခံမယ် ဆွေမျိုးသားချင်းတွေ မရှိရင် သေသူကို ပြုစုစောင့်ရှောက်ပြီး အသူဘကိစ္စတွေ ဆောင်ရွက်တဲ့ သူစိမ်းက နိုင်ငံတော် အစိုးရထက် အမွေဆက်ခံဖို့ အခွင့်အရေးပိုရှိတယ်။
     တကယ်လို့ သေသူရဲ့ ပစ္စည်းတွေကို တ၇ားဥပဒေအရ အမွေဆက်ခံဖို့ ဘယ်သူမှမရှိရင် နိုင်ငံတော်အစိုးရက ဘဏ္ဍာတော်အဖြစ် သိမ်းယူတယ်။
လင်မယား နှစ်ဦးဆိုင် ပစ္စည်းအမျိုးအစား
မြန်မာ buddhist ဘာသာ လင်မယားနဲ့ သက်ဆိုင် တဲ့ပစ္စည်းအမျိုးအစား ခုနှစ်မျိုးရှိတာကို တွေ့ရတယ်။ ဒီအမျိုးအစားတွေကို ခွဲခြားပြီး သိထားဖို့ လိုတယ်။
၁။ ပါရင်းပစ္စည်း။    ။ လင်ဖြစ်ဖြစ်၊ မယားဖြစ်ဖြစ် ထိမ်းမြားလက်ထပ်ခြင်းမပြုခင်က ပိုင်ဆိုင်လာခဲ့တဲ့ ပစ္စည်းကို ပါရင်းပစ္စည်းလို့ခေါ်တယ်။
    ဒုတိယ အိမ်ထောင်သည်တွေအဖို့ ပထမအိမ်ထောင်ကပါလာတဲ့ ပစ္စည်းနဲ့ ပထမအိမ်ထောင်နဲ့ ပြတ်စဲပြီးနောက် ဒုတိယအိမ်ထောင် မပြုမီရတဲ့ ပစ္စည်းအားလုံးဟာ ပါရင်းပစ္စည်းတွေပဲ ဖြစ်တယ်။
ပါရင်းပစ္စည်း ခွဲဝေပုံ။    ။ ပါရင်းပစ္စည်း  အကျိုးခံစားခွင့်ကတော့ ပါရင်းပစ္စည်း ယူဆောင်လာသောပုဂိုလ်က သုံးပုံနှစ်ပုံ၊ ကျန်အိမ်ထောင်ဖက်က သုံးပုံတစ်ပုံ ခံစားခွင့်ရှိတယ်။
၂။ အထက်ပါပစ္စည်း။    ။အိမ်ထောင်ကျပြီးသူယောက်ျား ဒါမှမဟုတ် မိန်းမရဲ့ အိမ်ထောင်ဟောင်းက အိမ်ထောင်သစ်ကို ပါလာတဲ့ပစ္စည်းကို အထက်ပါပစ္စည်းလို့ခေါ်တယ်။ (ဒါက အိမ်ထောင်ကြီး ထူသူတွေနဲ့ သက်ဆိုင်တဲ့ ပစ္စည်းမျိုး ဖြစ်တယ်။)
အထက်ပါပစ္စည်းခွဲဝေပုံ။    ။ အထက်ပါပစ္စည်းဆိုတာမျိုးက ပါရင်း ပစ္စည်းလို မဟုတ်ဘူး။ လင်မယားနှစ်ဦးပိုင် မဖြစ်နိုင်ဘူး။ အိမ်ထောင်ကျဖူးတဲ့ အိမ်ထောင်ကြီးချင်း ထိမ်းမြားရင် တစ်ဦးရဲ့ အထက်ပါပစ္စည်မှာ တစ်ဦးက အကျိုးခံစားခွင့် မရှိဘူးလို့ ဆိုရမယ်။
      ဒါပေမယ့် မယားရဲ့ 'အထက်ပါ' အိမ်ကို လင်မယားပေါင်းသင်း နေတဲ့အချိန်မှာ လုံးသ အသစ်တစ်ဖန် ပြန်လည်ဆောက်လုပ်လိုက်ရင် အထက်ပါပစ္စည်းဟာ 'လက်ထက်ပွား' ပစ္စည်း ဖြစ်သွားတယ်။
၃။  ခန်းဝင်ပစ္စည်း။   ။ မင်္ဂလာဆောင်တဲ့အချိန်မှာ မိဘဆွေမျိုး မိတ်ဆွေ သင်္ဂဟတွေက လင်နဲ့မယား နှစ်ဦးအကျိုးအတွက် လက်ဖွဲ့တဲ့ပစ္စည်း ကို ခန်းဝင်ပစ္စည်လို့ ခေါ်တယ်။
         ဒီပစ္စည်ထဲမှာ မင်္ဂလာဆောင်တဲ့အချိန် သတိုးသားက သတိုးသမီးကို နှစ်ဦးအကျိုးအတွက် ပေးတဲ့ပစ္စည်းလည်း ပါတယ်။
    ခန်းဝင်ပစ္စည်းခွဲဝေပုံ။   ။ ခန်းဝင်ပစ္စည်း အကျိုးခံစားခွင့်ကတော့ လင်မယား အညီအမျှ ခံစားခွင့်ရတယ်။
၎။ လက်ထက်ပွားပစ္စည်း။    ။ ထိမ်းမြားလက်ထပ်ချိန်ကစပြီး ပွားများ လာတဲ့ ပစ္စည်းမှန်သမျှကို လက်ထပ်ပွားပစ္စည်း လို့ခေါ်တယ်။ အဲဒီ လက်ထက်ပွားပစ္စည်းမှာလည်း နှစ်မျိုးရှိတယ်။
      (က) သာမန် လက်ထက်ပွားနဲ
      (ခ) အမွေရ လက်ထက်ပွားတို့ ဖြစ်တယ်။
(က) လင် ဒါမှမဟုတ် မယား တစ်ဦး တစ်ယောက်တည်း ကြိုးပမ်း အားထုတ်ပြီး ရတဲ့ပစ္စည်းကို သာမန်လက်ထက်ပွား လို့ခေါ်တယ်။
(ခ) လင် ဒါမှမဟုတ် မယား တစ်ဦးတစ်ယောက်တည်း အမွေခံရရှိတဲ့ ပစ္စည်းကို အမွေရ လက်ထက်ပွားလို့ ခေါ်တယ်။
လက်ထက်ပွားပစ္စည်းခွဲဝေပုံ။   ။ လက်ထက်ပွား ပစ္စည်းနှစ်မျိုးရှိတဲ့ အနက် သာမန်လက်ထက်ပွားပစ္စည်းအပေါ်မှာ လင်နဲ့မယား အညီအမျှ ခံစားခွင့်ရှိတယ်။
         အမွေရ လက်ထက်ပွားပစ္စည်းအပေါ်မှာ အမွေရသူက သုံးပုံ နှစ်ပုံ၊ အိမ်ထောင်ဖက်က သုံးပုံတစ်ပုံ ခံစားခွင့်ရှိတယ်။
၅။ နှစ်ပါးစုံ ပစ္စည်း။  ။လင်မယားနှစ်ဦး ကြိုးပမ်းအားထုတ် ရှာဖွေ ရရှိတဲ့ ပစ္စည်းကို နှစ်ပါးစုံပစ္စည်းလို့ ခေါ်တယ်။
 နှစ်ပါးစုံပစ္စည်း ခွဲဝေပုံ။   ။ နှစ်ပါးစုံပစ္စည်အပေါ်မှာ လင်နဲ့မယား အညီအမျှအကျိုးခံစားခွင့် ရှိတယ်။
       အထက်ပါဖော်ပြခဲ့တဲ့ ပစ္စည်းငါးမျိုးကို သိဖို့လိုတယ်။ ကျန်ပစ္စည်း အမျိုးအမည်နှစ်ခုကတော့ မင်းပေးပစ္စည်းနဲ့ သင်းသီးပစ္စည်း ဖြစ်တယ်။ အခုအခါမှာ ဒီပစ္စည်မျိုး မရှိတော့တာဖြစ်လို့မဖော်ပြတော့ဘဲ ချန်ထား လိုက်တယ်။